စပိန်ဝါရင့်ဂိုးသမား ဒီဟေးယားအား ဖီအိုရင်တီးနားအသင်း အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူခဲ့ပြီး အီတလီမြေစွန့်စားခန်းအတွက် စိတ်လှုပ်ရှားမိသည်ဟုဆို
- Khun Jdbkk
- Aug 12, 2024
- 1 min read

စီးရီးအေကလပ် ဖီအိုရင်တီးနားအသင်းသည် အသင်းလက်မဲ့ဖြစ်နေသည့် စပိန်ဝါရင့်ဂိုးသမား ဒီဟေးယားအား အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူကာ တစ်နှစ်စာချုပ်ချုပ်ဆိုခဲ့ကြောင်း (တစ်နှစ်ထပ်မံသက်တမ်းတိုးခွင့်ပါဝင်) အတည်ပြုကြေညာခဲ့သည်။
အသက် (၃၃)နှစ်အရွယ်ရှိ ဒီဟေးယားသည် ပြီးခဲ့သည့် ၂၀၂၃ နွေရာသီတွင် မန်ယူအသင်းနှင့် လမ်းခွဲခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပြီး တစ်နှစ်ကျော်အကြာတွင်မှ ဖီအိုရင်တီးနားအသင်းနှင့် စာချုပ်ချုပ် ဆိုနိုင်ခဲ့ခြင်းဖြစ်သည်။
အက်သလက်တီကိုအသင်းအကယ်ဒမီထွက်ကစားသမားဖြစ်သူ ဒီဟေးယားသည် ပရော်ဖက်ရှင်နယ်ကစားသမားဘဝတစ်လျှောက် အက်သလက်တီကိုနှင့် မန်ယူအသင်းများတွင်ကစားခဲ့ပြီး ဆုဖလားအောင်မြင်မှုနဲ့ တစ်ဦးချင်းအောင် မြင်မှုများစွာကိုရယူနိုင်ခဲ့သူဖြစ်သည်။
သို့သော် ဒီဟေးယားသည် မန်ယူအသင်း နည်းပြဖြစ်သည့် အဲရစ်တန်ဟက်ဂ်နှင့် ဆက်ဆံရေးအဆင့်မပြေဖြစ်ပြီးနောက် ဆယ်စုနှစ်တစ်ခုကျော်ကြာ ဖြတ်သန်းခဲ့သည့် မန်ယူအသင်းနှင့် လမ်းခွဲခဲ့ခြင်းဖြစ်ပြီး အီတလီမြေတွင် ပရော်ဖက်ရှင်နယ်ကစားသမား ဘဝကို ပြန်လည်စတင်နိုင်ခဲ့ခြင်းဖြစ်သည်။
ဒီဟေးယားသည် ပြီးခဲ့သည့် ၂၀၂၃ နွေရာသီကတည်းက စပိန်ကလပ်အသင်းအချို့နှင့် အပြောင်းအရွှေ့ သတင်းများ ထွက်ပေါ်ခဲ့သော်လည်း သဘောတူညီမှုရရှိခဲ့ဘဲ ယခုနွေရာသီတွင်မှ အသင်းသစ်ရရှိခဲ့ခြင်းဖြစ်သည်။
ဖီအိုရင်တီးနားအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ဒီဟေးယားက "ကစားသမားဘဝရဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာအခိုက်အတန့်ပါပဲ။ အခွင့်အရေးပေးတဲ့ ဖီအိုရင်တီးနားအသင်းကို ကျေးဇူးတင်သလို အသင်းဖော်တွေနဲ့ ဆုံဆည်းဖို့ မစောင့်နိုင်တော့ပါဘူး။ အီတလီမြေမှာ အောင်မြင်မှုတွေရယူချင်ပါတယ်" ဟုပြောကြားခဲ့သည်။
Comments