ပြီးခဲ့သည့်နှစ် နွေရာသီက ဆော်ဒီကလပ် အယ်လ်ဟီလာအသင်း၏ တစ်ရာသီ ယူရိုတစ်ဘီလျံတန် ကမ်းလှမ်းမှုကို မက်ဆီ ငြင်းပယ်ခဲ့
- Khun Jdbkk
- Aug 28, 2024
- 1 min read

ကမ္ဘာကျော်ဘောလုံးသမား မက်ဆီသည် ပြီးခဲ့သည့်နွေရာသီက မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းသို့ မပြောင်းရွှေ့မီ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလာ အသင်း၏ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ကြောင်း သိရသည်။
အာဂျင်တီးနားအခြေစိုက် FOX Sports Argentina က အယ်လ်ဟီလာ၏ကမ်းလှမ်း မှုပမာဏကို ပြီးခဲ့သည့်ရက်ပိုင်းက ဖွင့်ချခဲ့ခြင်းဖြစ်သည်။ ၂၀၂၃ နွေရာသီတွင် အယ်လ်ဟီလာအသင်းသည် မက်ဆီကို ခေါ်ယူပြီး ဆော်ဒီပရိုလိဂ်တွင် ကမ္ဘာ့ဘောလုံးလောက ၏ GOAT နှစ်ဦးကို ထိပ်တိုက်ဆုံတွေ့စေရန် အတွက် ကြိုးပမ်းခဲ့သော်လည်း မက်ဆီက အင်တာမိုင်ယာမီအသင်းကိုသာ ရွေးချယ်သွားခဲ့သည်။
ယင်းအချိန်တွင် အယ်လ်ဟီလာ အသင်းသည် မက်ဆီကို တစ်ပတ် ယူရို ၁၅ သန်း သို့မဟုတ် သန်း ၂၀ ဖြင့် ကမ်းလှမ်းခဲ့ပြီး ဆုကြေးနှင့် အခြားရပိုင်ခွင့်များအပါအဝင် မက်ဆီ ရရှိမည့်ငွေပမာဏသည် ယူရို သန်း ၉၀၀ နှင့် တစ်ဘီလျံအကြား ရှိနိုင်ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ပြုလုပ်ခဲ့သော TIME မဂ္ဂဇင်းနှင့် အင်တာဗျူး တွင်လည်း မက်ဆီက ဆော်ဒီပရိုလိဂ်တွင် သူ၏မဟာပြိုင်ဘက် စီရော်နယ်လ်ဒိုနှင့် ပြန်လည်ထိပ်တိုက်ရင်ဆိုင်ရန် အခွင့်အရေးရရှိခဲ့သော်လည်း ငြင်းဆန်ခဲ့ကြောင်း ဝန်ခံခဲ့သည်။
ချယ်လ်ဆီးအသင်းတွင် နည်းစနစ်ဒါရိုက်တာဖြစ်ခဲ့ပြီး လက်ရှိ ဆော်ဒီပရိုလိဂ်၏ အားကစားဒါရိုက်တာဖြစ်သူ အီမန်နာလိုက မက်ဆီအတွက် အမြဲတမ်းတံခါးဖွင့်ထားဆဲ ဖြစ်ကြောင်း ပြောကြားထားသည်။ မက်ဆီကမူ အင်တာမိုင်ယာမီသည် သူ၏နောက်ဆုံး ကလပ်ဖြစ်သည်ဟု အတည်ပြုခဲ့သည်။
Comments